ဘိုကလေးမြို့နယ်၏ လုံခြုံရေးကိစ္စရပ်များအတွက် မော်တော်ယာဉ်များအား စစ်ဆေးဆောင်ရွက်

ဘိုကလေး ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အများပြည်သူတည်ငြိမ်အေးချမ်းစွာ နေထိုင်သွားလာလှုပ်ရှားနိုင်ရေးအတွက် ယနေ့နံနက် (၉) နာရီ အချိန်၌ ဘိုကလေးမြို့၊ အမှတ် (၁၈) လမ်းမ၊ ဘိုကလေး-ဖျာပုံ ကားလမ်းမ၌ ဘိုကလေးမြို့နယ်သို့ ဝင်ရောက်လာကြသော မော်တော်ယာဉ်များကို တာဝန်ရှိသူများက လုံခြုံရေးရာ ကိစ္စရပ်များအား စစ်ဆေးဆောင်ရွက်မှုများပြုကြသည်။

စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးမျိုးအောင်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့တို့ပူးပေါင်း၍ မော်တော်ယာဉ်များပေါ်၌ နယ်မြေဒေသအေးချမ်းမှုအား အဖျက်အမှောင့် ဆောင်ရွက်နိုင်သည့် ကုန်ပစ္စည်းများ၊ တရားမဝင်ကုန်စည်များ သယ်ယူလာခြင်း ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခြင်း၊ ခရီးသွားလာသူများ၏ ခရီးသွားရာဇဝင်များ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ စစ်ဆေးခြင်းတို့အပါအဝင် နယ်မြေဒေသလုံခြုံရေးအတွက် လိုအပ်သည်များကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)