မကွေး ဇွန် ၂၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင့်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့နှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိများက ယမန်နေ့နံနက်ပိုင်းက အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၆၃) စပါးမျိုးသစ် စမ်းသပ်စိုက်ခင်းသို့ သွားရောက်၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၆၃)၊ တောင်သူဦးဌေးမောင်၏ စိုက်ဧက(၀.၅၀)ဧက (YSR-1)၊(YKQR-01) စပါးမျိုးသစ် ရှင်းလင်းဆောင်တွင် စိုက်ပျိုးရေးဦးစီးဌာနခရိုင်ဦးစီးမှူးမှ YSR1(၁၈၀) ဧက စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က စပါးမျိုးသစ်အထွက်ကောင်း စိုက်ပျိုးနည်းစနစ်စံပြကွက် ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာသော တောင်သူများအား နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေပြင်ခြင်း၊ မျိုးရွေးချယ်ခြင်း၊ စိုက်ပျိုးနည်းစနစ်များကို မှန်ကန်အောင်ဆောင်ရွက်ခြင်း၊ တစ်ဧက သတ်မှတ်အပင်ဦးရေပြည်မီရေး၊ လိုအပ်သော သွင်းအားစုများ ထည့်သွင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းနှင့် ရိတ်သိမ်းချိန်တွင် အလေအလွင့်မရှိစေရေး စနစ်တကျ ဆောင်ရွက်ကြရန်၊ ရေမှုန်ဖျန်းစနစ် စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်ခြင်းအား နွေစပါးစိုက်တောင်သူများအားလုံး လိုက်ပါဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တောင်သူများမှ နွေစပါးစိုက်ပျိုးထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရန် အလားအလာကောင်းသည့်အတွက် ကြိုးစားဆောင်ရွက်သွားကြရန်၊ ယခုကဲ့သို့ စံပြကွက်၊ စမ်းသပ်ကွက်များ ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်းသည် ပြသရုံသက်သက်သာမဟုတ်ပဲ တောင်သူများအနေဖြင့် လက်တွေ့လိုက်ပါဆောင်ရွက်နိုင်ရေး မျှော်မှန်းပန်းတိုင် အထွက်နှုန်းများရရှိ၍ တောင်သူများ၏ (၁)ဧက ဝင်ငွေ တိုးတက်လာစေရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံပိုလျှံစေရေးစသည့် ရည်ရွယ်ချက်များဖြင့် စိုက်ပျိုးပြသ ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ပြောကြားကာ တောင်သူများ၏ ဆွေးနွေး တင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွေစပါးစံကွက်စိုက်ပျိုးထားရှိသော စိုက်ခင်းအားကြည့်ရှု့ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအား ယခု စိုက်ခင်းကဲ့သို့ တစ်ဧက အပင်ဦးရေပြည့်မီရေး၊ တစ်ပင်ပါ သီးလုံးများများရရှိစေရေးနှင့် ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေး လိုက်နာဆောင်ရွက်သွားကြရန်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တောင်သူတိုင်း ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)