အောင်လံ ဇွန် ၂၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အောင်လံခရိုင် စုပေါင်းရုံးသစ်ဖွင့်ပွဲကို ဇွန်လ ၂၀ ရက်နေ့က စက်ရုံရပ်ကွက်လမ်းရှိ အဆိုပါ အဆောက်အဦသစ်တွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အောင်လံခရိုင် စုပေါင်းရုံးအဆောက်အဦသစ်ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီးဦးမျိုးမြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်း၊ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးယုနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့သည်။
ယင်းနောက် အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုဖွင့်လှစ်သည့် အောင်လံခရိုင် စုပေါင်းရုံး (၁၆၄’x၁၂၇’x၃၂’) စတုရန်းပေ (၂၂၀၀၀)ရှိ သံကူကွန်ကရစ်(၂)ထပ် အဆောက်အဦသစ်ကို တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၂၉၈/-သန်းဖြင့် တည်ဆောက်ခဲ့ပြီး ခရိုင်သစ်များမှဝန်ကြီးဌာန(၈)ခုဖြစ်သော ပြည်ထဲရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ စိုက်ပျိုး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနများအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများကို ခရိုင်စုပေါင်းရုံးတွင် နေရာချထားပေးခဲ့ကြောင်း ပြောကြားပြီး ရုံးအဆောက်အဦနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မြတ်ဖြိုးရွှေငွေကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်သန်း အားပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)