စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နှင့် ဟုမ္မလင်းမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ ဇွန် ၂၁

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများလိုက်ပါလျက် ဇွန်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် နာဂကိုယ်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့ ၆ မှ တာဝန်ယူတည်ဆောက်နေသည့် အစိုးရနည်းပညာအထက်တန်းကျောင်း ၄ ခန်းတွဲ ၂ ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံမှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းများ ကျောင်းဖွင့်ချိန်အမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေးအား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ဆေးရုံအုပ်ကြီးထံ ထောက်ပံ့ငွေများပေးအပ်ပြီး ဆေးကုသမှုခံယူနေကြသော ဒေသခံတိုင်းရင်းသားများအား တာဝန်ရှိသူများအတူ အဟာရဖြည့်စွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီစံပြကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ အခြေခံပညာအဆင့်လိုက်  ကျောင်းသား/သူများ အေးချမ်းစွာစာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး အလျား - ၉၀ ပေ၊ အနံ - ၃၀ ပေ၊ အမြင့် - ၁၂ ပေ၊ RC တစ်ထပ်ကျောင်းဆောင်အဆောက်အဦသစ် တည်ဆောက်ပြီးစီးမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး သင်ကြားရေးအထောက်အကူပြုပစ္စည်းများ အချိန်မီရောက်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာ၌ နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် တောင်သူ ဒေါ်အေးအေးခိုင် စိုက်ပျိုးထားသည့် စိန်တလုံး ၅ ဧက “ပါရာင်္သိဂီ” သရက်စိုက်ပျိုးရေးဥယျာဉ်သို့ ရောက်ရှိရာ ခင်းကျင်းပြသထားသော ဒေသထွက်သရက်သီးမျိုးများနှင့် ဥယျာဉ်ခြံထွက် စိန်တလုံး၊ ပတ္တမြားငမောက် သရက်သီးများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သရက်စိုက်ပျိုးရေးဥယျာဉ်အတွင်း သီးညှပ်စိုက်ပျိုးရန်အတွက် ဥယျာဉ်တာဝန်ခံထံ ဒေသထွက်ကော်ဖီပျိုးပင်များ ပေးအပ်ခဲ့ပြီး သရက်စိုက်ပျိုးရေးဥယျာဉ်အတွင်း စိန်တလုံး၊ ပတ္တမြားငမောက် သရက်သီးများ ဖြစ်ထွန်းအောင်မြင်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)