ချောင်းသာ ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အမှက် (၁) ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်(Abate) ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုက်နယ်ကျန်းမာရေးဌာနနှင့် ချောင်းသာမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းပြီး ချောင်းသာမြို့ အမှက် (၁) ရပ်ကွက်အတွင်း ခြင်မှတစ်ဆင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်ရေးနှင့် ပိုးလောက်လမ်းပေါက်ဖွားမှုမှ ကာကွယ်နိုင်ရေးတို့အတွက် ခြင်များအလွယ်တကူခိုအောင်းနိုင်သည့် ရေတင်ကျန်နိုင်သောနေရာများ၊ ဘူးခွက်များ၊ ရေပုံး၊ ရေအိုး၊ ရေခွက်၊ တာယာအဟောင်းများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေတွင်း၊ ရေကန်များအား အဘိတ်(abate) ဆေးခတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ချောင်းသာမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သာသနိကအဆောက်အအုံများ၊ ကျေးရွာ၊ ရပ်ကွက်အတွင်းရှိ နေအိမ်၊ အဆောက်အအုံများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်၊ လုပ်ငန်းများနှင့် အဘိတ်(Abate)ဆေးခတ်ခြင်းလုပ်ငန်းများကို အပတ်စဥ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချောင်းသာ(ပြန်/ဆက်)