သာပေါင်း ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ရေပြင်အသက်ကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်သရုပ်ပြမှုကို ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့၊ ညနေ ၃ နာရီခွဲအချိန်က ငဝန်မြစ်ရေပြင်၌ ဇာတ်တိုက် လေ့ကျင့်သရုပ်ပြခဲ့ကြသည်။
ထိုသို့ ငဝန်မြစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ ရေပြင်အသက်ကယ်ဆယ်ရေးဇာတ်တိုက် လေ့ကျင့်သရုပ်ပြမှုအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူလွင်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တို့က ရေပြင်အသက်ကယ်ပြုလုပ်ခြင်း၊ ရေနစ်သူအား ရှေးဦးသူနာပြုနည်းဖြင့် အသက်ကယ်ဆယ်ခြင်း၊ life jacket ဝတ်ဆင်နည်း၊ အသက်ကယ်အင်္ကျီနှင့် အသက်ကယ်ဘောကွင်း မရှိသည့်နေရာတွင် မိမိကိုယ်ကိုပတ်ဝန်းကျင်ရှိ အထောက်အကူပြုပစ္စည်းများဖြစ်သည့် ရေသန့်ဘူးအလွတ်(၁၀)ကို ရင်ဘတ်နှင့်ကျောတို့တွင် သေချာစွာ ကြိုးဖြင့်ခိုင်ခံ့စွာပတ်ချည်၍လည်း ရေပေါ်တွင်ပေါ်နေနိုင်ကြောင်း၊ (၅)ဂါလံဆံ့ပလပ်စတစ်ပုံးကို ရင်ဘတ်တွင် ထွေးပိုက်၍လည်း အသက်ကယ်ဘောအဖြစ်အသုံးပြု၍ ဘေးလွတ်ရာသို့ ရွေ့လျားအသက်ကယ်ပစ္စည်းများ ပြုလုပ်နည်းတို့ကို ရေဘေးအသိပညာပေးဟောပြောကာ လက်တွေ့ပါဝင်ပူးပေါင်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်တို့က ကျောင်းသား၊ ကျောင်းသူများ ကြိုပို့ရေယာဥ်ကူတို့အား life jacket(၅)စုံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)