ပေါက်ခေါင်း ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က စတင်ဆွေးနွေးပြောကြားရာတွင် မြို့နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးအတွက် နွေစပါး၊ မိုးစပါးအပြင် အခြားဆီထွက်သီးနှံများ၊ ပဲမျိုးစုံနှင့်ဝါများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်အထွက်နှုန်းထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မိုးစပါးစိုက်ပျိုးရာတွင် Dram Seeder စနစ်၊ ကောက်စိုက်စက်၊ ပျိုးထောင်စိုက်ပျိုးစနစ်တို့ဖြင့် စိုက်ပျိုးနိုင်ရေး၊ သီးနှံများစိုက်ပျိုးရာတွင် ဓာတ်မြေဩဇာဈေးကြီးမြင့်ကို လျော့နည်းစေရေးအတွက် သဘာဝမြေဩဇာများ ထုတ်လုပ်သုံးစွဲနိုင်ရေး၊ အပူချိန်လျော့နည်းသက်သာစေရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်အတွက် ကျေးရွာတစ်ရွာလျှင် သစ်ပင် (၅၀၀) စိုက်ပျိုးနိုင်ရေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးကိုကိုနိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ဥပဒေ၊ ပုဒ်မ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်းအရာများကို ထပ်ဆင့်ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများမှလည်း သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)