ဓနုဖြူမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဓနုဖြူ ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်နုက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက ကလေးသူငယ်များကို အလုပ်ခိုင်းစေခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်းစသောဖြစ်ရပ်များမှာ ကမ္ဘာတစ်ဝန်းလုံး ကြုံတွေ့နေရသည့် ပြဿနာတစ်ရပ် ဖြစ်ကြောင်း၊ ကလေးအလုပ်သမားဖြစ်ရခြင်း၏ အကြောင်းအရင်းများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးများအတွက် အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည့် အလုပ်များ စသည်တို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြ​ပြီး အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၄၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)