ပဲခူး ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)၊ မြန်မာဘော်လီဘော လူမှုရေးအသင်းအမှုဆောင်ဖလားည အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အားကစားပြိုင်ပွဲများမှ ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လက်ရွေးစင်အဆင့်မှ နိုင်ငံ့ဂုဏ်ဆောင်ပေါ်ထွန်းရေး၊ မြန်မာ့ဘော်လီဘောအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်ကူပြုစေရေး၊ ထူးချွန်ထက်မြတ်တဲ့ လူငယ်သွေးသစ် အားကစားသမားများ ပေါ်ထွန်းလာစေရေးများနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာ အဓိဌာန် (၄) ချက်ကို ရွတ်ဆိုခဲ့ကြပြီး ပြိုင်ပွဲဝင်အားကစားအသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။ ယင်းနောက် ပဲခူးမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့ ကျောင်းသား၊ ကျောင်းသူလေးများက ဘင်ခရာအက အလှများဖြင့် သရုပ်ပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး မြန်မာဘောလီဘော လူမှုရေးအသင်းအမှုဆောင်ဥက္ကဋ္ဌ ဦးရဲနိုင်က ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေ (၄) သိန်းကျပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ဘော်လီဘောပြိုင်ပွဲအား ဇွန်လ (၂၀) ရက်နေ့မှ (၂၅) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အမျိုးသားဘော်လီဘောအသင်း (၉) သင်း၊ အမျိုးသမီး ဘော်လီဘောအသင်း (၅) သင်း၊ စုစုပေါင်း (၁၄) သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)