ကျိုက်လတ် ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ခုနှစ်၊ စိုက်ပျိုးရာသီ ကြဲခင်းများ လျော့နည်းပပျောက်ရေး မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပန်းဘဲစုကျေးရွာရှိ တောင်သူဉီးကျော်မိုး၏ ကွင်းအမှတ် (၁၁၈)၊ ဉီးပိုင်အမှတ် (၂၇/၇)၊ ဧရိယာ(၂.၀၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များက ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးခြင်းဖြင့် ကြဲခင်းထက်မျိုးစေ့နှုန်း ထားလျော့ချနိုင်ခြင်း၊ ပျိုးနှုတ်ရန် မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှု သက်သာစေခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ် ပိုမိုခံနိုင်ရည်ရှိခြင်း၊ အသုံးပြုမြေသြဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းသိသာစွာ ကွဲပြားခြားနားမှုမရှိခြင်း၊ ပေါင်းနှိမ်နင်းရန် လွယ်ကူစေ၍ လေဝင်လေထွက်ကောင်းသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပြီး ဘောင်ပျိုးစနစ်ဖြင့် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စိုက်/တိုး/မြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် တောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်