ငဖဲမြို့နယ် အောင်ပင်လယ်ကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေး

ငဖဲ မတ် ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က ပေါင်းကလေးကျေးရွာအုပ်စု အောင်ပင်လယ်ကျေးရွာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက  ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်စိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူးဇော်ဝင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးပွားမောင်နှင့်မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်ယုယုသိန်းတို့က ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်နှင့် ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရခြင်း အကြောင်းရင်းများ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းမှ ကင်းလွတ်ခွင့်ပြုထားသူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဥပဒေပုဒ်မ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို အသီးသီး အသိပညာပေး ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့်  ပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မယု(ငဖဲ)