ရေတာရှည်မြို့နယ်၌ မြန်မာရိုးရာ မဟာသင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရေတာရှည် မတ် ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ စီစဥ်ကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအ​ဝေး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းက ရေတာရှည်မြို့နယ်တွင် နှစ်စဥ် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို အစဥ်အလာမပျက်ပြုလုပ်ကာ ယခင်နှစ်များနည်းတူ ဗဟိုမဏ္ဍပ်ဖွင့်လှစ်၍ ဖျော်ဖြေရေး အစီအစဥ်များ၊ ယိမ်းအကပြိုင်ပွဲများ ၊ ရေကစားမဏ္ဍပ်များနှင့်  လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပနိုင်အတွက် သက်ဆိုင်ရာ ကော်မတီအလိုက် ဖွဲ့စည်းကာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ စီစဥ်ကျင်းပမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဗဟိုမဏ္ဍပ် တည်ဆောက်နိုင်ရေး အစီအစဥ်များ၊ ရေကစားမဏ္ဍပ်သို့ လာရောက်ဆင်နွှဲကြမည့်သူများအား သင်္ကြန်ကာလအတွင်း စတုဒီသာအလှူပြုလုပ်မည့် အစီအစဥ်များ၊ ရေသွယ်တန်းထားရှိမှု အခြေအနေများ ၊ ဖျော်ဖြေရေး အစီအစဥ်များ ပါဝင်ဆောင်ရွက်မည့် အခြေအနေများအား တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)