စလင်း မတ်လ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အရှေ့ကန်ဘောင်ကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း မြတ်စွာဘုရားအာရုံခံတန်ဆောင်းအတွင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရပ်မိရပ်ဖ ဦးစိန်လင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုလက်ထောက်ဦးစီးမှူး ဦးနိုင်လင်းအောင် ဒုရဲအုပ် ချစ်မင်း၊ မြို့နယ် ဥပဒေအရာရှိ ဦးရန်အောင်တို့မှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ဘာကြောင့်စစ်မှုထမ်းဥပဒေကို ကျင့်သုံးရကြောင်း၊ ဥပဒေဆိုင်ရာအကြောင်းအရာများ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ အမျိုးသား၊ အမျိုးသမီးများ၏ အသက်အရွယ်နှင့် ကျွမ်းကျင်မှုဘာသာရပ် ပညာတတ်ကျွမ်းမှုများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျခံရမည့်ပြစ်ဒဏ်များ၊ ဥပဒေပါပြဒါန်းချက်များနှင့်ပတ်သက်၍ နိုင်ငံသားတိုင်းအနေဖြင့် စိုးရိမ်စရာမလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဥ်း၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများအထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ကောလဟာလသတင်းများ ပျံနှံလာမှုအပေါ် ယုံကြည်မှုမရှိကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ပြည်သူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးရှင်းလင်းခဲ့သည်။ တက်ရောက်လာသည့် ပြည်သူများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေငှခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အရှေ့ကန်ဘောင်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး ဆယ်အိမ်မှူးများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)