မင်းဘူး မတ် ၆
ကမ္ဘာပေါ်ရှိ လူဦးရေအများစုတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုမိုများပြားလာမှုကြောင့် အမျိုးသားများနှင့် တန်းတူရည်တူ အခွင့်အရေးပေးနိုင်အောင် ဆောင်ရွက်ကာ အမျိုးသမီးများ၏ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရမည်။ သို့မှသာ အမျိုးသမီးများ၏ စွမ်းဆောင်ရည်များ မြင့်မားတိုးတက် လာပေမည်။
ထို့ကြောင့် မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Woman’s Day) အဖြစ် သတ်မှတ်ကာ ကမ္ဘာတစ်ဝန်းမှ အမျိုးသမီး ကဏ္ဍများကို ထုတ်ဖော်နိုင်ရန် အခမ်းအနားများ ကျင်းပလေ့ရှိပြီး၊ နှစ်စဉ် ဆောင်ပုဒ်တစ်ခု သတ်မှတ်ထုတ်ပြန်လျက် အမျိုးသမီးကဏ္ဍကိုမြှင့်တင်ရန် အသိပေးလေ့ရှိသည်။ ယခုနှစ်ဆောင်ပုဒ်မှာ “လူသားအားလုံး တိုးတက်ဖို့၊ အမျိုးသမီးများ စွမ်းရည်မြှင့်တင်လို့ ပုံဖော်ကြပါစို့” ဟူ၍ ဖြစ်သည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများနေ့ကို နှစ်စဉ် ဇူလိုင် ၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်ကြသည်။ အမျိုးသမီးများသည် ပင်ကိုဗီဇ အားနွဲ့သူများဖြစ်ကြသော်လည်း ခေတ်စနစ်နှင့်အညီ အမျိုးသားများနှင့် ရင်ပေါင်တန်းကာ ကာယ၊ ဉာဏနှင့် စိတ်ဓာတ်စွမ်းအားများကို မြှင့်တင်၍ လက်ရုံးရည်၊ နှလုံးရည်များ ကြံ့ခိုင်သူများဖြစ်အောင် ကြိုးစားကြရမည်။ သို့မှသာ စွမ်းရည်ထက်မြက်ပြီး အရည်အချင်းပြည့်ဝသော အမျိုးသမီးများ ဖြစ်လာပေမည်။
အမျိုးသမီးများ၏ စွမ်းရည်တိုးတက်မှုကို မြှင့်တင်ပေးခြင်းဖြင့် လုပ်အားများ တိုးပွားလာကာ နိုင်ငံတော်၏ ထုတ်ကုန်စွမ်းအားများ တိုးတက် မြင့်မားလာမည်ဖြစ်သည်။ ထို့ကြောင့် “လူသားအားလုံး တိုးတက်ဖို့၊ အမျိုးသမီးများ စွမ်းရည်မြှင့်တင်လို့ ပုံဖော်ကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ အမျိုးသမီး တစ်ဦးချင်းစီ၏ အရည်အချင်း၊ အရည်အသွေးနှင့် လုပ်ကိုင်နိုင်စွမ်းတို့ကို မြှင့်တင်ပေးပြီး၊ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းပြောကြားလိုက်ရပါတော့သည်။
ဇေယျာထက်(မင်းဘူး)