စစ်တွေ မတ် ၅
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်တွေဘိုးဘွားရိပ်သာသို့ ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ဘိုးဘွားရိပ်သာဓမ္မာရုံ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုကဲ့သို့အဘိုးအဘွားများအား စုံစုံညီညီ ကျန်းကျန်းမာမာချမ်းချမ်းသာသာဖြင့် တွေ့ဆုံရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ အဘိုး၊အဘွားများအနေဖြင့် ယခုကဲ့သို့တရားဘာဝနာပွားများပြီး အေးအေးချမ်းချမ်းဖြင့် ပြည်နယ်အတွက် မေတ္တာဘာဝနာပွားများကာ မေတ္တာပို့သပေးနေကြသည်ဟုကြားသိရကြောင်း၊ ဘိုးဘွားများပို့သသည့် မေတ္တာဘာဝနာများကြောင့် ရခိုင်ပြည်နယ်ကြီးအေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်လာကာ ယခုထက် တည်ငြိမ်အေးချမ်းမှုရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊ မိမိတို့ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အဘိုးအဘွားများ စားရေရိက္ခာများအဆင်ပြေစေရန်အတွက် ဆန်၊ ဆီနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အဘိုးအဘွားများကို မိဘများသဖွယ်လာရောက် လှူဒါန်းခြင်းဖြစ်ကြောင်း၊ အဘိုးအဘွားများအနေဖြင့်လည်း ကျန်းကျန်းမာမာချမ်းချမ်းသာသာဖြင့် မိမိတို့ပြည်နယ်၏အကျိုးအတွက် မေတ္တာပို့သကာ မိမိတို့အတွက်တရားဘာဝနာများ ပွားများအားထုတ်နိုင်ပါစေကြောင်း နှုတ်ခွန်းဆက်ဆုတောင်းစကားပြောကြားသည်။
ထို့နောက် စစ်တွေမြို့ ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီဘဏ္ဍာရေးမှူးက ဘိုးဘွားရိပ်သာ၏လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘိုးဘွားရိပ်သာအတွက် ဆန်နှင့်ဆီများကို ပေးအပ်လှူဒါန်းသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အဘိုးအဘွားများအား ဆေးဝါးနှင့်တကိုယ်ရေသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းကြပြီး ဘိုးဘွားရိပ်သာအတွင်း ထမင်းစားဆောင်၊ စားဖိုဆောင်များအား လှည့်လည်ကြည့်ရှုကြကာ အခမ်းအနားသို့ မတက်ရောက်နိုင်သည့် ဘိုးဘွားများအား ဆေးဝါးနှင့်တကိုယ်ရေသုံးပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)