ကြို့ပင်ကောက် မတ် ၃
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲများကျင်းပပြုလုပ်မည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းဝန်းအတွင်း အမှိုက်များရှင်းလင်းရေး ရေကန်များရေအပြည့်ဖြည့်ထားရန်၊ မီးချိတ်၊ မီးကတ်၊ ရေအိတ်၊ သဲအိတ်များ အဆင်သင့်စီစဉ်ထားရှိရန် စာမေးပွဲခန်းများအတွင်း သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများကောင်းမွန်ခြင်းရှိမရှိနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိမှုတို့အား စစ်ဆေးပြီး သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ကျောင်းကော်မတီဝင်တို့အား အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းနိုင်ကပြောသည်။
ကြို့ပင်ကောက်မြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပပြုလုပ်မည့် စာစစ်ဌာနလေးခုရှိရာ မြို့ပေါ်တွင်နှစ်ခုနှင့် ကျေးရွာတွင်နှစ်ခုရှိကြောင်း အရန်စာစစ်ဌာနနှစ်ခုနှင့် မြို့နယ်ပြည်သူ့ဆေးရုံတွင်လည်း စီစဉ်ဆောင်ရွက်ထားပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့အတွက် စီမံဆောင်ရွက်ထားကြောင်း မြို့နယ်ပညာရေးမှူးဦးကျော်နိုင်က ပြောကြားခဲ့သည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)