တောင်ကုတ် မတ် ၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် စေတနာရှင်များစုပေါင်း၍ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဖောင်တော်ဦးစေတီတော်၊ ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီးနောက် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ သူရိယဓဇ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူတည်ဆောက်သည်။
ဆက်လက်၍ ရန်ခေါ်ဆရာတော်မှ ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားပင့်ဆောင်ခြင်း၊ အနန္တဂုဏ်ရည်ဆရာတော်မှ ပဋ္ဌာန်းတရားနာကြားရန်အတွက် နတ်ဗြဟ္မာများအား ပင့်ဖိတ်ခြင်း၊ ဝိသုဒ္ဓါရာမ ဆရာတော်မှ ပဋ္ဌာန်းတရားနာကြားရန် တိုက်တွန်း နှိုးဆော်လွှာ ပဋ္ဌာန်းအမွှန်းဂါထာတော်အား ရွတ်ဖတ်ပူဇော်ခြင်းများဆောင်ရွက်ကြပြီးနောက် ကြွရောက်လာကြသော ဆရာတော် သံဃာတော်များမှ ပဋ္ဌာန်းပစ္စယုဒ္ဒေသ(၂၄)ပစ္စည်းကို သံပြိုင်ညီညာရွတ်ဆို၍ အလှည့်ကျဘာဏက သံဃာတော်များမှ အစီအစဉ်အတိုင်းရွတ်ဖတ်ပူဇော်ကြသည်။
အဆိုပါအခမ်းအနားသို့ တေင်ကုတ်မြို့နယ်ရှိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များတက်ရောက်ခဲ့ကြပြီး ပဋ္ဌာန်းပွဲတော်ကို မတ်လ(၃)ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)