ရွှေတောင် ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား ပြည်ခရိုင်၊ ပြည်မြို့နယ် တုံးရေသစ်တောကြိုးဝိုင်း ဧရိယာအတွင်း မွေးမြူရေးဇုံဖော်ထုတ် ဆောင်ရွက်မည့်လုပ်ငန်းအပေါ် လျှောက်ထားနိုင်ရေး ခေါ်ယူအသိပေး ရှင်းလင်းပွဲကျင်းပခဲ့သည်။
အဆိုပါ အသိပေးရှင်းလင်းမှုလုပ်ငန်းဆောင်ရာသို့ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူးတို့ တက်ရောက်ပြီး ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ ပြည်ခရိုင်၊ ပြည်မြို့နယ် တုံးရေသစ်တောကြိုးဝိုင်းကွင်းအမှတ် (၁၆) သစ်တောကြိုးဝိုင်းမြေ (၃၀၉.၁) ဧကအနက်မှ (၁၀၀)ဧကအား ပြည်ခရိုင်အတွင်း နို့စားနွားနှင့် အသားစားနွားမျိုးများကို စနစ်တကျ တိုးချဲ့မွေးမြူနိုင်ရေးအတွက် မွေးမြူရေးဇုံအဖြစ် ဖော်ထုတ်အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး မွေးမြူရေးဇုံတွင် မွေးမြူလိုသောလုပ်ငန်းရှင်များအား ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံ လျှောက်လွှာများ လျှောက်ထားနိုင်ရေးအတွက် မွေးမြူရေးလုပ်ကိုင်သူ (၂၀) ဦးတို့အား သတ်မှတ်ထားသည့် အခြေခံစည်းမျဉ်းများကို အသိပေး ချပြရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)