အမ်း ဒီဇင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ ဒို့ကျေးရွာဂျာနယ်ကို လူငယ်များဖတ်ရှုလေ့လာကြစေရန် ရည်ရွယ်၍ ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀) အမှတ်(၁၇)မှ မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) ရေးသားသည့် လူငယ်များနှင့် မဟာဗျုဟာဆန်ဆန် စဉ်းစားတွေးခေါ်မှုဆောင်းပါးဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ဦးဆောင်၍ ဝန်ထမ်းများ၊ စာပေမြတ်နိုးသူကျောင်းသား၊ ကျောင်းသူ လူငယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် စာပေမြတ်နိုးသူ ကျောင်းသား၊ ကျောင်းသူ လူငယ်များ၏ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးပြောကြားပြီး ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀) အမှတ်(၁၇)မှ မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်)ရေးသားသည့် မဟာဗျုဟာဆန်ဆန် စဉ်းစားတွေးခေါ်ခြင်းဟာ လေ့လာဆည်းပူခြင်းမှရရှိလာသည့် ကျွမ်းကျင်မှုတစ်ခုဖြစ်ကြောင်း၊ အဖြေများအတွက် တူးဆွဖော်ထုတ်ကြည့်ခြင်းနဲ့ အတိတ်ယူဆချက်တွေ သို့မဟုတ် အမြင်ရှု ထောင့်တွေကို ကန့်သတ်ထားတဲ့ အမှန်တရားတွေကိုကြည့်ခြင်းဖြင့် မဟာဗျုဟာဆန်တဲ့ စဉ်းစားဉာဏ်ကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်နိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်နှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဌေးဌေးဝင်းတို့က လူငယ်တွေအတွေအကြုံမှရရှိတဲ့ အသိပညာနဲ့ စဉ်းစားဉာဏ်ကို ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်နိုင်ရန်၊ အရေးပါတဲ့ကိစ္စရပ်တွေရဲ့ အချက်အလက်တွေအပေါ်မှာ အာရုံစိုက်ပြီးဆောင်ရွက်ကြရန်၊ မဟာဗျုဟာဆန်ဆန် စဉ်းစားတွေးခေါ်ကြစေလိုကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် စာပေမြတ်နိုးသူ Book Club အသင်းဝင် မသင်းမြစံ၊ မဇင်မာဦး၊ မချယ်ရီစိုး၊ မဥမ္မာထွေး၊ မတင်ဇာဝင်းနှင့် တက်ရောက်သူများက လူငယ်များနှင့်မဟာဗျုဟာဆန်ဆန် စဉ်းစားတွေးခေါ်မှုဆောင်းပါးပါ အကြောင်းအရာများကို ဆွေးနွေး၍ သိရှိလိုသည့်အကြောင်းအရာများအား မေးမြန်းကြရာ ဦးစီးအရာရှိ ဦးစန်းဝင်းက သိရှိလိုသည်များအား ရှင်းလင်းဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)