စစ်တွေ ဒီဇင်ဘာ ၂၀
ရခိုင်ပြည်နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ် ဝန်ကြီးများ၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း၊ ပြန်လည် ထူထောင်ရေးကာလတွင် ပြည်နယ်အတွင်းကော်မတီ(၆)ရပ်ဖြင့် ဆောင်ရွက် ခဲ့ရာ ယနေ့အစည်းအဝေးတွင် ကော်မတီအလိုက် ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ရမည့်အခြေအနေများကို တင်ပြဆွေးနွေးကြစေလိုကြောင်း၊ အလားတူယခုအစည်းအဝေးတွင် ရောက်ရှိလာသောပစ္စည်းများ ဖြန့်ခွဲရန်တည်ပြု ဆုံးဖြတ်သွားကြမည်ဖြစ်ကြောင်း၊ ကော်မတီများကလည်း စာရင်းဇယားများပြုစု၍ အပြီးသတ်အစီရင်ခံစာတစ်ခုဖြစ်အောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ ဗဟိုကော်မတီသို့တင်ပြသွားရန် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ မုန်တိုင်းတိုက် ခတ်စဉ်ကာလနှင့် ပြန်လည်ထူထောင်ရေး ကာလများတွင် ယခုကော်မတီအဖွဲ့ဝင်များနှင့်သာ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး အားလုံးကပင်ပင်ပန်းပန်းဖြင့် ဆောင်ရွက်ခဲ့ကြသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ခဲ့သကဲ့သို့ ဆက်လက်ပြီး ထိုလုပ်ငန်းကို အပြီးသတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကော်မတီများအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြီးမြောက်သွားသည့်အခါတွင် တိကျမှန်ကန်ပြီး စာရင်းဇယား စနစ်တကျဖြင့် မှတ်တမ်းများကျန်ရှိနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြန်လည် ထူထောင်ရေး ပစ္စည်းများရောက်ရှိမှု၊ ဖြန့်ခွဲမှုများမှတ်တမ်း မှတ်ရာများပြုစုပြီး ဖြန့်ခွဲရာတွင်လည်း မြို့နယ်အလိုက်ဖြန့်ခွဲမှုများကို အသေးစိတ် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များကို အခြေခံ၍ ပြန်လည်ဆွေးနွေးဆုံးဖြတ် ပေးမည်ဖြစ်ပြီး လက်ရှိဆောင်ရွက်နေသည့်ကဏ္ဍများတွင်လည်း လိုအပ်ချက်များရှိပါက ပြန်လည်တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့် စပ်လျဉ်းပြီး ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့ ကော်မတီအလိုက် ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)