အ.ထ.က ​ရွှေကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပပြုလုပ်

ဇလွန် ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် အ .ထ .က ​ရွှေကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ.ထ.က ရွှေကျောင်း ကျောင်းအုပ်ဆရာကြီး ဦးရဲထွဋ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်​အေးမြင့်သိန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်း​နောက်လူငယ်စကားဝိုင်းကို ကျင်းပရာ အ.ထ.က ရွှေကျောင်း Grade - 11(A) မှ ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပညာရေ၊ လူငယ်နှင့် Mobile Phone အပေါ်စွဲလမ်းမှုခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကိုခေါင်းစဥ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြပြီး ပါဝင်ဆွေးနွေးသော ကျောင်းသား၊ ကျောင်းသူလေးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါလူငယ်စကားဝိုင်းကို စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်ကြစေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ လူအများရှေ့တွင် မှန်ကန်သောစကားများအား ရဲဝင့်စွာပြောဆိုတတ်ကြစေရန် ရည်ရွယ်၍ ကျင်းပခဲ့ကြောင်းသိရသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)