ခန္တီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်

ခန္တီး ဒီဇင်ဘာလ ၁၄ ရက်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ မူလတန်းကျောင်း(သာစည်)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာမူလတန်းကျောင်းအုပ် ဆရာကြီးကအဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာဖတ်ခြင်းကြောင့်မိမိတို့၏ ကိုယ်ပိုင်အရည်အသွေးများ ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ စာပေကြောင့် အတွေးအခေါ်များ မှန်ကန်လာစေမည် ဖြစ်ပါကြောင်းစသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောများပြုလုပ်ပေးရခြင်း ဖြစ်ကြောင်းရှင်း လင်းပြောကြားခဲ့သည်။

ယင်းနောက် ဦးအောင်လွင်ဦး(ရုပ်သံကျွမ်းကျင်-၃) လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ရာ တက်ရောက်လာသော ကျောင်းသား/သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာတွင် ဆွေးနွေးဟောပြောသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး အသိပညာပေး သုတ၊ ရသစာအုပ်များနှင့် အခြားစိတ်ဝင်စားမည့် စာအုပ်များလည်း ခင်းကျင်း ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။

အေးခိုင်(ပြန်/ဆက်)