အုတ်တွင်း ဒီဇင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ဝဲကြီးအထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။
ဦးစွာလူငယ်စကားဝိုင်းကို အထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ပြုံးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းက ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောအတတ်ပညာများကျွမ်းကျင်စေရန်၊ လူငယ်များအချင်းချင်း ရင်းနှီးခင်မင်စွာပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကိုပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိကဦးဆောင်ဆွေးနွေးပြီး Grade-11 မှ ကျောင်းသား၊ ကျောင်းသူခြောက်ဦးက လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်နည်းပညာခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် Grade-11 မှ ကျောင်းသား၊ ကျောင်းသူများကလည်း စကားဝိုင်း၏ခေါင်းစဥ်အလိုက် သိရှိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခြင်း၊ ပြန်လည်ဖြေကြားခြင်းများပြုလုပ်ခဲ့ပြီး ပါဝင်ဆွေးနွေးသောကျောင်းသူခြောက်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)