ရွှေသောင်ယံ ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယခုဆောင်းဦးပေါက်ရာသီ၌ ကမ်းခြေတစ်လျှောက်တွင် ဆွဲပိုက်များဖြင့် ငါးဖမ်းကြသောကမ်းဆွဲပိုက်သမားများ၊ ပင်လယ်ပြင်ထွက်၍ ငါးအုပ်ရှာဖွေဖမ်းဆီးလုပ်ကိုင်သော ကျော့ပိုက်သမားများ အလုပ်ဖြစ်လျက်ရှိသည်။
အဆိုပါ ငါးဖမ်းသည့်လုပ်ငန်းများတွင် မျှင်များ၊ ငါးစစ်စလီများနှင့်ငါးအသေးများသာ ဖမ်းယူသည့်ပိုက်များ၊ ငါးကြီးများသာဖမ်းယူသည်ပိုက်များဟူ၍ ရှိကြသည်။
ထိုသို့ငါးဖမ်းစက်လှေများ ယခုလိုဆောင်းဦးရာသီ၌ အလုပ်ဖြစ်လာသည့်အတွက် စက်လှေအလုပ်သမားများ ဝင်ငွေရရှိလာမည့်အပြင် ငါးများဝယ်ယူရောင်းချသည့် ဖေါက်သည်သမားများအဆင်ပြေလာခြင်း ဒေသခံများအတွက်လည်း ငါးဝယ်ယူစားသုံးမှုများလွယ်ကူလာစေခြင်း၊ ကမ်းခြေဒေသသို့ အလည်အပတ်ရောက်ရှိလာသည့် ဧည့်သည်များအတွက်လည်းမျှင်ငပိများ၊ ပင်လယ်ထွက်ငါးခြောက်များအပြင် ပင်လယ်အစားအစာများပေါများလာနိုင်သည်။ တို့ကြောင့် ပင်လယ်ထွက် ငါး၊ ပုဇွန်၊ ရေဂျက်၊ ဂဏန်းစသည့်ပင်လယ်ဒေသထွက် အစားအစာများကိုလည်း ခရီးသွားဧည့်သည်များအဖို့ ကမ်းခြေသို့အလည်ရောက်ခိုက် အလွယ်တကူဝယ်ယူစားသုံးလာနိုင်မည် ဖြစ်သည်။
ရွှေသောင်ယံ (ပြန်/ဆက်)