မောင်တော ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ရုံးနှင့် သတ်မှတ်စုရပ်နေရာတို့တွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ထမ်း များမှ ရပ်ကွက်ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက် (၂) နှစ်အောက် ကလေးများအား အဆုတ်ရောဂါ ကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ၊ ဦးနှောက် အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယိုသောက် ဆေးနှင့် ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ် ဆေး၊ ဝမ်းရောဂါ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျစနစ်ဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မောင်တောမြို့နယ်အတွင်းရှိ အသက် (၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးဝန်ထမ်း ဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်ကျေးရွာများရှိ စုရပ်အသီးသီးတွင် ပုံမှန်ကာကွယ် ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အပတ်စဉ် တနင်္လာနေ့တိုင်း မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ရုံးတွင်လည်း ပုံမှန်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်