မကွေး ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့၌ ကျင်းပရာ စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ ဒီဂရီ ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က တာလွတ်စင်မြင့်ထက်တွင် နေရာယူကာ စုပေါင်းလမ်းလျှောက်ပွဲကို သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့မှ စတင်ကာ ဗိုလ်ချုပ်လမ်းအတိုင်း၊ ထိုမှတစ်ဆင့် ပြည်တော်သာလမ်း၊ မေတ္တာလမ်းနှင့် အ.ထ.က(၁)လမ်းအတိုင်း စုပေါင်းလမ်းလျှောက်ကြပြီး မကွေးခရိုင် အားကစားကွင်းတွင် စုပေါင်းကိုယ်လက် ကြံခိုင်ရေး လေ့ကျင့်ခန်း အစီအစဉ် အတွဲ(၁)နှင့် (၂)တို့ကို ဆောင်ရွက်ခဲ့ကြပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်း လမ်းလျှောက်သူများအား စားသောက်ဖွယ်ရာများနှင့်ရေသန့်ဘူးများ ဖြန့်ဝေပေးခဲ့သည်။
စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား ခုနစ်ထောင်ကျော် ပါဝင်ဆင်နွှဲခဲ့ပြီး အလားတူ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း ယနေ့နံနက်ပိုင်းက ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ ကလည်း စုစုပေါင်းအင်အား သုံးသောင်းကျော်ဖြင့် တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် စုပေါင်းလမ်းလျှောက်ပွဲအပြီးတွင် ဒီဇင်ဘာ အားကစားလ လူထုစုပေါင်း စက်ဘီးစီးနင်းပွဲ ကိုကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က တာလွတ်စင်မြင့်ထက်တွင် နေရာယူကာ စက်ဘီးစီးနင်းပွဲအား သေနတ်ပစ်ဖောက်၍ တာလွှတ် ဖွင့်လှစ်ပေးခဲ့သည်။
ဒီဇင်ဘာအားကစားလ လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို မကွေးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စုစုပေါင်း အင်အားတစ်ရာကျော် ပါဝင်ဆင်နွှဲခဲ့ပြီး တာအဝင်တွင် စက်ဘီးစီးနင်းသူများအား ဗလာမပါ ကံစမ်းမဲနှိုက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအနေဖြင့် ဒီဇင်ဘာအားကစားလတွင် စက်ဘီးစီးနင်းပွဲအပြင် Fitness Dance ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ဂိုးသွင်းပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲနှင့် မြန်မားရိုးရာ ကစားနည်း ပြိုင်ပွဲများကိုလည်း ခရိုင်အားကစားကွင်းတွင် ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)