ဝေါ ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့ အေးချမ်းသာယာရပ်ကွက် ဓမ္မမေဒိနီဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ Lotus World (Myanmar) ကုမ္ပဏီမှ လှူဒါန်းသော ရွှေပဒုမ္မာစာကြည့်တိုက် ဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ဓမ္မမေဒိနီဘုန်းတော်ကြီးသင် ပညာရေးကျောင်း ရွှေပဒုမ္မာစာကြည့်တိုက်ဖွင့်ပွဲအား (နမောတဿ) (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနား အားဖွင့်လှစ်ပြီး ဝေါမြို့နယ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဥက္ကဋ္ဌ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝေပုလ္လ ဆရာတော်ကြီးထံမှ သြဝါဒခံ ယူပြီး ရွှေပဒုမ္မာစာကြည့်တိုက်အလှူရှင် Lotus World (Myanmar) ကုမ္ပဏီကိုယ်စားလှယ် Mr. KIM DUHWAN က လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီးနောက် စာကြည့်တိုက်နှင့် ပတ်သက်သော စာရွက်စာတမ်းများအား ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ ကျောင်းအုပ်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၊ အုပ်ချုပ်မှု ကော်မတီဥက္ကဋ္ဌ ဦးတင်ထွေးက ဓမ္မမေဒိနီဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် ရွှေပဒုမ္မာစာကြည့်တိုက်ဆောက်လုပ်လှူဒါန်းသည့် အလှူရှင်များနှင့် Lotus World (Myanmar) ကုမ္ပဏီအားကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ရွှေပဒုမ္မာစာကြည့်တိုက်အား ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဥက္ကဋ္ဌ မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဝေပုလ္လနှင့် ကျောင်းတိုင် ဆရာတော်ဥုးခမောဝံသ၊ အလှူရှင် ကိုရီယားနိုင်ငံ Lotus World (Myanmar) ကုမ္မဏီကိုယ်စားလှယ် Mr. KIM DUHWAN တို့က စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)