တိုင်းဒေသကြီးဝန်ကြီးချုပ် ဂုံမင်းကျေးရွာအုပ်စုတွင် လယ်ဧက ၃၅၀ ဧကအား အကျိုးပြုမည့် ရှင်ပြန်မြောင်းမှ လယ်တီစုရွာဖျားအထိ ကားလမ်းဘေးဝဲယာ မြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေး

ပုသိမ် ဒီဇင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဒီဇင်ဘာလ ၇ ရက် နေ့ မွန်းလွဲပိုင်းတွင် အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စုတွင် လယ်ဧက ၃၅၀ ဧကအား အကျိုးပြုမည့် ရှင်ပြန်မြောင်းမှ လယ်တီစုရွာဖျားအထိ ကားလမ်းဘေးဝဲယာ မြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျုံပျော်- ပုသိမ်ကားလမ်းဘေးဝဲယာ တစ်လျှောက် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်မှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စုတွင် လယ်ဧက ၃၅၀ ဧကအားအကျိုးပြုမည့် ရှင်ပြန်မြောင်းမှ လယ်တီစုရွာဖျားအထိ ကားလမ်းဘေးဝဲယာ မြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် အောင်ရေလုံလောက်စွာ ရရှိစေရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး မှာကြားခဲ့သည်။ အဆိုပါမြောင်းသည် အရှည် ၆၆၀၀ ပေ၊ အကျယ် ၂၀ ပေ၊ အနက် ပျမ်းမျှ ၇ ပေရှိပြီး ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာ အုပ်စုတွင် မိုးစပါးရေကျနောက် စိုက်ဧက ၃၅၀ အတွက် အောင်ရေနှင့် နွေစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးရေနှင့်​အောင်ရေ လုံလောက်စွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)