ဘူးသီးတောင်မြို့တွင် လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်း ဆောင်ရွက်

ဘူးသီးတောင် ဒီဇင်ဘာ ၉

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများကို ဒီဇင်ဘာ ၅ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ကိုယ်ကာယကြံ့ခိုင် မှု စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၈နာရီက အမှတ်(၆) ရပ်ကွက်ရှိ မြို့မအားကစားကွင်းအတွင်း ဆောင်ရွက်ခဲ့ကြသည်။

လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယ ကြံ့ခိုင်ရေးယှဉ်ပြိုင်နေမှုကို မြို့နယ် ပညာရေးမှူး ဒေါ်မြဝေနှင့် တာဝန်ရှိသူများက ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းတွင် အပြေး မီတာ ၁၀၀ (ကျား/မ)၊ လက်ထောက်မှောက်တွန်းတင်၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်၊ အပြေး မီတာ ၈၀၀ (ကျား)နှင့် မီတာ ၄၀၀(မ) စုစုပေါင်း (၅)မျိုး ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြို့နယ် အတွင်းရှိ  အ.ထ.က၊ အ.ထ.က(ခွဲ)နှင့် အ.လ.က(ခွဲ)ကျောင်းများရှိ Grade-9 ၊ Grade -10 ၊ Grade-11 နှင့် Grade-12တို့မှ ကျောင်းသား၊ ကျောင်းသူ  စုစုပေါင်း (၁၆)ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)