ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ စီမံကိန်းနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်တွေ ဒီဇင်ဘာ ၉

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းနှင့် ပတ်သက်၍ ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဌာန ဆိုင်ရာများ၊ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီများက Videoconfrence စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်သည် မိုးစပါးသီးနှံအပြင် သီးထပ်သီးနှံများဖြစ်သည့် နွေးစပါး၊ ဆီထွက် သီးနှံ၊ ပဲမျိုးစုံသီးနှံ၊ စားဖိုဆောင်သီးနှံစသည့် လယ်ယာကဏ္ဍ သီးနှံများကို သီးနှံအလိုက်ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်၏ ဆီဖူလုံမှုအခြေ အနေမှာ ၃၇ ဒသမ ၈၆ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်မှာ ပြည်နယ်အတွင်း ဆီဖူလုံမှုတိုးတက် စေရန် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညှင်းသီးနှံများကို တိုးချဲ့စိုက်ပျိုးရန်အတွက် စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ ရည်မှန်းချက် ပြည့်မီရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ တောင်သူလယ်သမားများမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၃ ခုနှစ်မှာ လုပ်ကွက်ငယ်တောင်သူများ၊ အသေးစား၊ အလတ်စား၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် ထုတ်လုပ်မှုစွမ်းအား တိုးတက်မြင့်မားလာစေရန် သွင်းအားစု၊ ငွေကြေးအရင်းအနှီးနှင့် နည်းပညာများ လိုအပ်လျက်ရှိသည့် ကျေးလက် ဒေသရှိ စိုက်ပျိုးမွေးမြူရေးတောင်သူများအား ပံ့ပိုးကူညီနိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အနေဖြင့် ရရှိထားသည့် (၁၀) ဘီလီယံအနက်မှ စိုက်ပျိုးရေးကဏ္ဍ နိုင်ငံ့စီးပွား ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းတွင် ၂၆၄၂ ဒသမ ၉၅ ကျပ်သန်း ထုတ်ချေးဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါတွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံ (မြေပဲ၊ နေကြာ) စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် မြေပဲသီးနှံ ၁၇၉၀၀ ဧက၊ နေကြာသီးနှံ ၂၉၀၀ ဧကစိုက်ပျိုးရန် ရန်ပုံငွေရရှိမည်ဖြစ်ကြောင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ (မြေပဲ၊ နေကြာ) စီမံကိန်းသည် ပြည်နယ်၏ဆီဖူလုံမှု၊ တောင်သူများ၏ ဝင်ငွေတိုးတက်မှုကို အထောက် အကူပြုသည့်လုပ်ငန်းဖြစ်သည့်အတွက် သက်ဆိုင်သည့်ဌာနဆိုင်ရာများ၊ ဆီကုန်သည်များနှင့် ဆီစက်လုပ်ငန်းရှင်များ၊ စိုက်ပျိုးသူ၊ ထုတ်လုပ်သူတောင်သူလယ်သမားများ၊ သွင်းအားစုဖြန့်ဖြူး ရောင်းချသည့် ကုမ္ပဏီ၊ အရောင်းဆိုင်များမှ ပူးပေါင်းညီညွတ်စွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ဆောင်းဆီထွက်သီနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးနှင့် ပတ်သက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း ဆီထွက်သီးနှံများစိုက်ပျိုး ရန်လျာထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများက မိမိတို့ခရိုင်နှင့် မြို့နယ်အလိုက် ဆီထွက်သီးနှံများ စိုက်ပျိုးရန်လျာထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဆီစက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံစိုက်ပျိုးနိုင်မည့် အခြေအနေများကိုရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)