ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဇလွန် ဒီဇင်ဘာ  ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် အ.ထ.က မေရီလန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဟောပြောပွဲတွင် အ.ထ.က မေရီလန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီမာက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အသိပညာပေး အကြောင်းအရာများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဒီလွင်က လူငယ်နှင့် ခေါင်းဆောင်မှုအကြောင်း သိကောင်းစရာများနှင့် ကျောင်းသား/ကျောင်းသူများ အားကစားကို စိတ်ပါဝင်စားလာစေရန် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စားသုံးရန် မသင့်သည့် အစားအစာများကို စားသုံးရန် မသင့်သည့် အကြောင်းအရာများကို အသီးသီး အသိပညာပေး ဟောပြောခဲ့ကြပြီး မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဒီလွင်က အ.ထ.က မေရီလန်းကျောင်းသို့ အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှ ပြသထားသော နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု​လေ့လာခဲ့ကြသည်။

ဇလွန်(ပြန်/ဆက်)