ဇီးကုန်းမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ဇီးကုန်း ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-ဇီးကုန်း)၌ (၁၀၃)နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က-မြို့မ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်"သီချင်း သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသိဒ္ဓိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်မှ ဖတ်ကြားပေးခဲ့သည်။ ဆက်လက်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် အ.ထ.က-ဇီးကုန်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို၍ အခမ်းအနား ပြီးမြောက်ခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၊  လူမှုရေးအသင်းအဖွဲ့များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)