မင်းလှမြို့နယ်တွင် မိုးစပါး(ဆာဖိုးသာ) စံကွက်ရိတ်သိမ်းခြင်းနှင့်‌ကောက်သစ်စားပွဲ ကျင်းပ

အထက်မင်းလှ ဒီဇင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ်(မြေအောက်ရေ)အသုံးပြု၍ ၂၀၂၃-၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးခဲ့သော မိုးစပါး(ဆာဖိုးသာ)စံကွက်ရိတ်သိမ်းခြင်းနှင့်ကောက်သစ်စားပွဲကျင်းပခြင်းကို ယမန်နေ့ နံနက် (၈)နာရီက ရုံးရပ်တောင်ပိုင်းရပ်ကွက်၊ ကွင်းအမှတ်(၈၆၁)၊ ဦးပိုင်(၃၆/၁) တောင်သူဦးခင်အောင်ရွှေ၏ (၁.၅၀)ဧကစိုက်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ မိုးစပါးစံ(ဆာဖိုးသာ)စံကွက် ရိတ်သိမ်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစိုးသိန်းနှင့်ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာစိုက်ပျိုး၊ရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ တောင်သူများ ပူးပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့ပြီး၊ ကောက်သစ်စားပွဲ ကျင်းပပြုလုပ်ခဲ့သည်။ မိုးစပါး(ဆာဖိုးသာ)စပါးကို ၂၀၂၃ခုနှစ်သြဂုတ်လ (၂၅)ရက်နေ့က စတင်စိုက်ပျိုးခဲ့ရာ ဒီဇင်ဘာလ (၆) ရက်နေ့အထိ ရက်ပေါင်း(၁၀၅)ရက်အကြာတွင် စံကွက်ရိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး မိုးစပါးစံကွက် တစ်ဧကလျှင် အစိုထွက်(၁၁၃)တင်း၊ အခြောက်ထွက်မှာ တစ်ဧကလျှင်(၉၆)တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မင်းလှမြို့နယ်တွင် မိုးစပါးစိုက်ပျိုးထားသည့် စပါးစိုက်ခင်းများ ရိတ်သိမ်းပြီးပါက ဆောင်းသီးနှံများဖြစ်သည့် ဆောင်းနေကြာနှင့် ကုလားပဲသီးနှံများ ဆက်လက်စိုက်ပျိုးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တောင်သူများအား ဆွေးနွေးပြောကြားခဲ့သည်။

မိုးစပါး(ဆာဖိုးသား)စံကွက်စိုက်ပျိုးရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးအတွက် တောင်သူဦးခင်အောင်ရွှေပါ(၃)ဦးအား ချေးငွေကျပ်(၇.၀၅)သန်း ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ်(မြေအောက်ရေ)အသုံးပြု၍ မိုးစပါး(ဆာဖိုးသာ) စိုက်ပျိုးခြင်းခဲ့ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)