ကျားမအခြေပြု အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေးသင်တန်း ကျောင်းကုန်းမြို့၌ ဖွင့်လှစ်ပို့ချ

ကျောင်းကုန်း ဒီဇင်ဘာ ၅

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆) ရက်တာ လှုပ်ရှားမှု ကျားမအ‌ခြေပြု အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေးသင်တန်းဖွင့်လှစ်ပွဲကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံး၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဥ်ယဉ်မြင့်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုသည် အိမ်တွင်းအကြမ်းဖက်မှုမှစ၍ လုပ်ငန်းခွင်များတွင်လည်းကောင်း၊ Online များမှလည်းကောင်းမတူညီသော နေရာဒေသအလိုက် တိုးပွားလျှက်ရှိကြောင်း၊ ယခုနှစ်ဆောင်ပုဒ်မှာ "အ မျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ပေါင်းစုရင်းနှီးမြုပ်နှံပေး" ဖြစ်ကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်မှုကြုံတွေ့ရပါက သတင်းပို့တိုင်ကြားနိုင်ရန်အတွက် ၂၄ နာ ရီ Helpline ဖုန်း"1566"(4 Digits)ကို ဖွင့်ထားပြီး တိုင်ကြားမှုများလက်ခံ၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့မစခန်းမှူး ဒုရဲမှူးဇော်ဝေလင်းကလည်းကောင်း၊ မြို့နယ်ဥပဒေ အရာရှိဒေါ်နီလာဇော်ဝင်းကလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးအရာရှိ ဒေါ်သီတာဝင်းကလည်းကောင်း အသီးသီးသင်တန်းပို့ချပေးခဲ့ကြသည်။

အဆိုပါသင်တန်းသို့ မြို့နယ်အမျိုးသမီးရေးရအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့မစခန်းမှူး ဒုရဲမှူးဇော်ဝေလင်း၊ မြို့နယ်လူမှုဝန်းထမ်းဦးစီးအရာရှိ ဒေါ်သီတာဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကိုယ့်အားကိုယ်ကိုးမူကြိုဆရာမ ဒေါ်ညွန့်ညွန့်အေးနှင့်မိခင်ဝိုင်းအဖွဲ့ခေါင်းဆောင်များ၊ မိခင်နှင့်ကလေးကျန်းမာရေး မြှင့်တင်သူအဖွဲ့ဝင်များနှင့် အမျိုးသမီးသင်တန်းသူ (၃၇) ဦးတက်ရောက်ခဲ့ကြပြီး၊ သင်တန်းကာလမှာ တစ်ရက်တာပို့ချပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)