မုံရွာ ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒီဇင်ဘာအားကစားလ ပထမပတ် လူထုစုပေါင်းလမ်း လျှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအရှေ့ ဘက်ရှိ ဗိုလ်ချုပ်လမ်းပေါ်တွင် ကျင်းပရာ စုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ မြို့နေပြည်သူများနှင့် အားကစားကို ချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများမှ မုံရွာမြို့၊ ပြည်သူအားကစားကွင်းမှ စတင်ကာ ဗိုလ်ချုပ်လမ်းတစ်လျှောက် ကန်သာယာ ရာပြည့်ကပ်ကျော်စေတီတော် မုဒ်ဦးအထိ၊ ထိုမှပြည်သူ့အားကစားကွင်းသို့ သက်မှတ်ထားသောလမ်းကြောင်းအတိုင်း တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်နေ ပြည်သူ အင်အား ၄၀၀၀ ကျော်ဖြင့် တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများသည် တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအတွင်းသို့ ဝင်ရောက်ကြ ပြီး အဆိုပါအားကစားကွင်းကြီးရှိ မြက်ခင်းပြင်၌ စနစ်တကျ နေရာယူကြကာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်မောင်မယ်များ၏ ကိုယ်ကာယလေ့ကျင့်ခန်း အမှတ်စဉ် (၁) အမှတ်စဉ်(၂) သရုပ်ပြသမှုနှင့်အတူ သွေးပူလေ့ကျင့်ခန်းအားကစားများ စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများအား ကံစမ်းမဲများ ဖွင့်ဖောက်ပေးနေမှုများအား ကြည့်ရှုအားပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကံစမ်းမဲများ နှိုက်ပေးကာ ဆုမဲပေါက်သူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး နံနက်စာများဖြင့် ဧည့်ခံနေမှုများကို လိုက် လံကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင်ချမ်းသာ ရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များ ပေါက်ဖွားနိုင်သည့် ရေနုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ဆရာ/ ဆရာမများ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၅ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၆၀၀ ကျော်ဖြင့် အခြေခံပညာကျောင်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)