ဒီဇင်ဘာလူထုအားကစားလ ပထမပတ် စုပေါင်းလမ်းလျှောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ပါဝင်ဆင်နွှဲ

ပုသိမ် ဒီဇင်ဘာ

တစ်မျိုးသားလုံး ကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှားအားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ် နှစ်တိုင်း  စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ လမ်းလျှောက်ပွဲအား ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှ စတင်၍ မဟာဗန္ဓုလလမ်းမကြီး အတိုင်းတပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းတွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical  Fitness Dance များအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလ ပထမပတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၁၅၀၀)ဦးခန့်က တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ ကိုးသိန်းအားကစားဝင်းအတွင်းရှိ New Generation Gym အမျိုးသား၊ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်ရေးအားကစားရုံသို့ ရောက်ရှိ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဝယ်ယူထားရှိသည့် Gym ပစ္စည်းများနှင့် Gym ခန်းမ ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ကိုယ်ကာယလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။

လှမင်းထွဋ် (ပြန်/ဆက်)