ပုသိမ်မြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပုသိမ် ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှကြီးမှူးဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးမျိုးနိုင်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေကြေးအထောက်အပံ့ဖြင့် ဧရာဝတီတိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေး လုပ်ငန်းကော်မတီမှဦးဆောင်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပုသိမ်)မှပူးပေါင်း၍ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း ကာလတို(၁)လသင်တန်းကို သင်တန်းသား(၂၀)ဦးဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် တတိယအကြိမ် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပုသိမ်)တွင် လျှပ်စစ်သင်တန်း(၁၂)ကြိမ်၊ ဂဟေဆက်သင်တန်း(၇)ကြိမ်၊ အဲယားကွန်းသင်တန်း(၂)ကြိမ်၊ ပိုက်ဆက်သင်တန်း(၁)ကြိမ်နှင့် ဆိုင်ကယ်ပြင်သင်တန်း(၂)ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ စုစုပေါင်းသင်တန်း (၂၃)ကြိမ်တွင်သင်တန်းသား (၄၇၂)ဦးမွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းမှရရှိတဲ့ပညာရပ်ကို အခြေခံပြီးတီထွင်ကြံဆမှု၊ လေ့လာဆန်းသစ်မှု စဉ်ဆက်မပြတ်သင်ယူလေ့လာမှုတွေကို ပြုလုပ်နေရမှာဖြစ်ပါကြောင်း အဲဒီကတစ်ဆင့် အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာသွားကြရန်လိုကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက သင်တန်းကာလတွင် သင်ယူရရှိသည့်အတတ်ပညာနှင့် ကျွမ်းကျင်မှုများကိုအသုံးချ၍ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နိုင်ကြပြီး ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်သည်အထိ ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဆုရရှိသောသင်တန်းသားများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကာအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

မြင့်ဟန် (ပြန်/ဆက်)