ငဖဲ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာ အရှိုချင်းအမျိုးသားပြတိုက်တွင် အရှိုချင်းတိုင်းရင်းသားတို့၏ ကောက်သစ်စားပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ အရှိုချင်းတိုင်းရင်းသားခေါင်းဆောင် အပုပ် ဦးကျော်စိန်နှင့် တိုင်းရင်းသားတိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ကောက်သစ်စားပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က တိုင်းရင်းသားရိုးရာကောက်သစ်စားပွဲ ကျင်းပပြုလုပ်မှုများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားပြီး အရှိုချင်းတိုင်းရင်းသားခေါင်းဆောင် အပုပ် ဦးကျော်စိန်က နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးပြီး နိုင်ငံ့ကောင်းကျိုးသယ်ပိုးဆောင်ရွက်ရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရန်နှင့် ဆလိုင်းကံပန်းက ချင်းတိုင်းရင်းသားများ အထိမ်းအမှတ် အောက်ချင်းငှက် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အရှိုချင်းတိုင်းရင်းသားရိုးရာ အစားအစာ အွန်တေးချက်ပြိုင်ပွဲကို ဆောင်ရွက်ရာ တိုင်းရင်းသူများက အဖွဲ့လိုက် ချက်ပြုတ်ပြင်ဆင်၍ ပြိုင်ပွဲဝင်ခဲ့ကြပြီး မင်းလွင်ကျောင်းကုန်း အခြေခံ ပညာအလယ်တန်းကျောင်းမှ အဖွဲ့(၂)နှင့် အဖွဲ့(၄) ကျောင်းသူလေးများက ပူးတွဲ အမှတ်အများဆုံး ရရှိပြီး ဆုများကို ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ချီးမြှင့်ပေးအပ်သွားမည် ဖြစ်သည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် တာဝန်ရှိသူများ၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ အရှိုချင်း တိုင်းရင်းသားခေါင်းဆောင် အပုပ် ဦးကျော်စိန်၊ တိုင်းရင်းသားတိုင်းရင်းသူများနှင့် ဧည့်ပရိသတ်များ ဝိုင်းဖွဲ့၍ တိုင်းရင်းသားရိုးရာ ကောက်သစ်စားပွဲကို တပျော်တပါး သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)