ပွင့်ဖြူ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မီးဘေးလုံခြုံစိတ်ချရမှုရှိစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ပွင့်ဖြူမြို့၊ အလယ်ပိုင်းဓမ္မာရုံသို့သွားရောက်ပြီး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် ရှေးဦးစွာပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်က မီးဘေးအန္တရာယ်ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးသတ်ဆေးဘူးအသုံးပြု၍ အရေးပေါ်မီးငြှိမ်းသတ်နည်းစနစ်များကို အသိပညာပေးရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများက မီးဘေးကြိုတင်ကာကွယ်ရေး စီစဉ်ဆောင်ရွက်ထားရှိရမည့်လုပ်ငန်းများနှင့် ဆောင်ရန်ရှောင်ရန်အချက်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး မီးဘေးအန္တရာယ်ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြရန် ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ ပွင့်ဖြူမြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကွက်နေပြည်သူများ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )