၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်(နေပြည်တော်)သို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်

ပုသိမ်   ဒီဇင်ဘာ  ၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် (နေပြည်တော်) သို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၃၀)ရက်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် တိုင်းဒေသကြီးအနေဖြင့် အားကစားနည်း(၇)မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပါကြောင်း၊ ယခင်နှစ်က ကျင်းပခဲ့သည့်အားကစားပွဲတော်၌ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် အမျိုးသား ဘောလုံးအားကစားနည်းတွင် တံခွန်စိုက်ဆုရရှိခဲ့ပြီး အခြားအားကစားနည်းများတွင်လည်း အောင်မြင်မှုများ ရရှိခဲ့ပါကြောင်း၊ တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းများစွာရှိပြီး ကျောင်းပေါင်းစုံမှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲအဆင့်ဆင့်ပြုလုပ် ရွေးချယ် ခဲ့ခြင်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အသင်းလိုက်စုဖွဲ့မှုအားကောင်းကောင်းဖြင့် အပေးအယူအချိတ်အဆက်မိမိ ဉာဏ်ရည်နှင့် ခွန်အားကိုအသုံးပြု၍ ကစားရမှာဖြစ်ပါကြောင်း၊  အားကစားတွင်သာမက ပညာရေးတွင်လည်းထူးချွန်ကြသူများ ဖြစ်စေရေးကြိုးစားကြရန် ကျောင်းသား၊ ကျောင်းသူအားကစားသမားများအား တိုက်တွန်းပြောကြားလိုပါကြောင်း၊ ပြိုင်ပွဲဝင်ကစားသမားများအနေဖြင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြရန်လိုကြောင်း၊ အုပ်ချုပ်သူနည်းပြများကလည်း စနစ်တကျလေ့ကျင့်သင်ကြားပြသပေးရန် မှာကြားလိုပါကြောင်း၊ ယခုနှစ်ကျောင်းသားအားကစားပွဲတော်တွင်  တိုင်းဒေဿကြီးဂုဏ်ဆောင် တံခွန်စိုက်ဆုဖလားများ ရရှိအောင်  ကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့ ခေါင်းဆောင်က အသင်းဖွဲ့စည်းထားရှိမှုနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး အားကစားနည်းအလိုက် ပြိုင်ပွဲဝင်အားကစားအဖွဲ့များနှင့် မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ အားကစားသမားများအား ရင်းရင်းနှီနှီးတွေ့ဆုံအားပေးခဲ့သည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်(နေပြည်တော်) တွင် တိုင်းဒေသကြီးအနေဖြင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ဘတ်စကတ်ဘော အားကစားနည်း(၇)မျိုးတွင် ကျောင်းသား၊ ကျောင်းသူ အားကစားသမား(၁၁၂)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)