မကွေး ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ ဒီဇင်ဘာအားကစားလ(ပထမပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့၌ကျင်းပရာ စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က စုပေါင်းလမ်းလျှောက်ပွဲကို သေနတ်ပစ်ဖောက်၍ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့မှစတင်ကာ ဗိုလ်ချုပ် လမ်းအတိုင်း၊ ထိုမှတစ်ဆင့် ပြည်တော်သာလမ်း၊ မေတ္တာလမ်းနှင့် အ.ထ.က (၁) လမ်းအတိုင်း စုပေါင်းလမ်းလျှောက်ကြပြီး မကွေးခရိုင်အားကစားကွင်းတွင် စုပေါင်းကိုယ်လက် ကြံခိုင်ရေး လေ့ကျင့်ခန်းအစီအစဉ် အတွဲ (၁) နှင့် (၂) တို့ကို ဆောင်ရွက်ခဲ့ကြပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းလမ်းလျှောက်သူများအား မုန့်နှင့်ရေသန့်ဘူးများ ဖြန့်ဝေပေးခဲ့သည်။
စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား လေးထောင်ကျော် ပါဝင်ဆင်နွှဲခဲ့ပြီး အလားတူ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း ယနေ့နံနက်ပိုင်းက ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ ကလည်း တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)