ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်အောင်ခရိုင်၊ ခရိုင်စုပေါင်းရုံး RCC(၃)ထပ်အဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနား တက်ရောက်ချီးမြှင့်

မြန်အောင် ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် ယမန်နေ့နံနက်က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် စိန်ဝတ်မှုံ မြန်အောင်-ကြံခင်းကားလမ်းဘေး မြန်အောင်ခရိုင်၊ ခရိုင်စုပေါင်းရုံး RCC(၃)ထပ် အဆောက်အဦ ဆောက်လုပ်မည့်မြေနေရာ ပန္နက်တင်မင်္ဂလာအခမ်းအနား တက်ရောက်ချီးမြှင့်ခဲ့သည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများသည် မင်္ဂလာအချိန်တွင် ပန္နက်တိုင်များအား စိုက်ထူပေးပြီး အောင်သပြေ အမွှေးနံ့သာများဖြင့် ပက်ဖြန်းပေးခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား ရှင်းလင်းဆောင်တွင် Myanmar Land & Development Co.,Ltd မှ ခရိုင်စုပေါင်းရုံး RCC (၃)ထပ်အဆောက်အဦ ဆောက်လုပ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး QC ကုမ္ပဏီ (ACEG)၊ မြန်အောင်ခရိုင် စုပေါင်းရုံးခြံစည်းရိုးကာရန်မည့် ဧရာဝတီသားဟေ့ကုမ္ပဏီနှင့် မြန်အောင်ခရိုင် အုပ်ချုပ်ရေးမှူးနေအိမ် RC (၂) ထပ်ဆောက်လုပ်မည့် အားမာန်ချီကုမ္ပဏီတို့မှ တာဝန်ရှိသူများက ဆောက်လုပ်မည့် လုပ်ငန်းများ ရှင်းလင်းတင်ပြခဲ့ကြရာ ဝန်ကြီးချုပ်ကလုပ်ငန်းများအရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြန်အောင်ခရိုင်(ခ)အဆင့် ခရိုင်စုပေါင်းရုံးဆောက်လုပ်ခြင်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ(၁၆၀၈.၉၈၀)ကျပ်သန်းဖြင့် (၁၃၆'×၈၇'×၄၄') RCC (၃ထပ်) (၂၈၁၀၀စ/ပေ) ကို Myanmar Land & Development Co,Ltd မှ တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)