သာယာဝတီ ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ ဆောင်းမြေပဲ၊ မတ်ပဲနှင့် ပဲတီစိမ်းသီးနှံ အထွက်ကောင်း မျိုးသန့်၊ မျိုးကောင်းများအား တောင်သူများထံ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပန်းတိုင်သီးနှံ(၁၀)မျိုး အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက် ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းကြိုးစား ဆောင်ရွက်ကြရန် အမှာစကား ပြောကြားပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အထွက်နှုန်းကောင်းသော ဗီယက်နမ်မြေပဲ မျိုးသန့်မျိုးစေ့များနှင့် ပဲတီစိမ်းမျိုး ရေဆင်း-၁၄၊ မတ်ပဲမျိုးသန့် TBL-9 မျိုးစေ့များကို ပေးအပ်ရာ တောင်သူများက လက်ခံရယူပြီးတောင်သူတစ်ဦးက တောင်သူများ ကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါမျိုးသန့်၊ မျိုးကောင်းများ ထောက်ပံ့ပေးအပ်ရာတွင် တစ်ဧကလျှင် ဗီယက်နမ်မြေပဲ မျိုးသန့် ၆ တင်းနှင့် သွင်းအားစုများအပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ် သုံးသိန်းဖိုးထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး မတ်ပဲ TBL-9 နှင့် ပဲတီစိမ်း ရေဆင်း-၁၄ မျိုးသန့်များကို တစ်ဧကလျှင် တစ်ခွဲ (၈ ပြည်)နှုန်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။
သာယာဝတီမြို့နယ်၌ ယခုနှစ်ဆောင်းရာသီတွင် မြေပဲဧက ၄၀၀၀ ကျော်အား တစ်ဧက ပန်းတိုင် အထွက်နှုန်း တင်း ၇၀ ကျော်လွန်ပြည့်မီရေး စိုက်ပျိုးဆောင်ရွက်မည်ဖြစ်ပြီး မတ်ပဲဧက ၉၀၀၀၀ ကျော်နှင့် ပဲတီစိမ်းဧက ၁၅၀၀၀ကျော် စိုက်ပျိုးမည်ဖြစ်ကာ မတ်ပဲတစ်ဧကပန်းတိုင် အထွက်နှုန်း ၂၅ တင်းနှင့် ပဲတီစိမ်းတစ်ဧက ပန်းတိုင်အထွက်နှုန်း တင်း၂၀ ပြည့်မီကျော်လွန်ထွက်ရှိရေးနှင့် သီးနှံများ ပိုးမွှား ကင်းစင်ပြီး အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား စနစ်တကျ စိုက်ပျိုးနည်းပညာနှင့် အခြားလိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)