ပဲခူး ဒီဇင်ဘာ ၂
မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးညီလာခံ (၂၀၂၃) အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လှုပ်ရှားမှုအနေဖြင့် ပဲခူးတိုင်းဒေသကြီး မျက်ခမ်းစပ်နှင့်မျက်မမြင်ကာကွယ်ရေးစီမံကိန်း ဒေသကြီး (၄) ပဲခူးမြို့မှ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦး ဦးဆောင်သည့်ကျန်းမာရေးဝန်ထမ်းများသည် မျက်စိလူနာများအား အခမဲ့မျက်စိစမ်းသပ်ပေးခြင်း၊ လိုအပ်သောဆေးဝါးများပေးအပ်ခြင်း၊ မျက်မှန်များတပ်ဆင်ပေးခြင်း၊ မျက်စိပတ်သက်သောရောဂါဖြစ်ပွားမှုနှင့် ကာကွယ်နိုင်မှုများအား ပဲခူးတိုင်းဒေသကြီး မျက်ခမ်းစပ်နှင့်မျက်မမြင်ကာကွယ်ရေးစီမံကိန်း ဒေသကြီး (၄) ပဲခူးမြို့၌ ပြုလုပ်ပေးခဲ့ကြသည်။
မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးညီလာခံ ၂၀၂၃ ၏ဆောင်ပုဒ်မှာ "လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့" ဖြစ်သည်နှင့်အညီ နိုဝင်ဘာလ (၁၃) ရက်နေ့မှ (၃၀) ရက်နေ့အထိ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦး ဦးဆောင်သည့်ကျန်းမာရေးဝန်ထမ်းများသည် တိုင်းဒေသကြီးအတွင်းရှိ မျက်စိလူနာ (၇၅၆) ဦးကို အခမဲ့စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ခွဲစိတ်ရန် လိုအပ်သော မျက်စိလူနာ (၁၀၀) ဦးအား နိုဝင်ဘာလ (၂၉) ရက်နေ့မှ ဒီဇင်ဘာလ (၁) ရက်နေ့အထိ အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြကြောင်း သိရသည်။
လာရောက်ပြသကြသည့် မျက်စိလူနာများမှာ ပဲခူးမြို့နယ်နှင့် ပဲခူးတိုင်းအရှေ့ခြမ်း၊ အနောက်ခြမ်း၊ ယင်းတို့နှင့်ထိစပ်ဒေသများမှအများစုဖြစ်ပြီး ယင်းတို့အနက်မှ ခွဲစိတ်ရန်လိုအပ်သူများကို ခွဲစိတ်ကုသမှုပေးပြီး ကျန်လူနာများအား မျက်မှန်စမ်းသပ်ပေးခြင်း၊ ဆေးဝါးများပေးအပ်ခြင်း၊ မျက်စိရောဂါအကြောင်းပညာပေးဟောပြောခြင်းတို့ကို တပါတည်းဆောင်ရွက်ခဲ့ကြသည်။
ထို့အတူ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးဦးဆောင်သည့် ပဲခူးမြို့မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းမှ ကျန်းမာရေးဝန်ထမ်းများသည် ကျောင်းမျက်စိကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့်လည်း ပဲခူးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ မူလတန်းကျောင်းသူ/ ကျောင်းသားပေါင်း (၆၀၁) ဦးအားလည်း မျက်စိစမ်းသပ်စစ်ဆေးပေးခြင်း၊ လိုအပ်သော ဆေးဝါးများပေးအပ်ခြင်း၊ ပညာပေးဆောင်ရွက်ခြင်းများအား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)