မုံရွာ ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြီး ခရိုင်/မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်းပြီး ကျောင်းသား/သူများ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေးနှင့် ကာယ/ဉာဏစွမ်းရည်များ မြင့်မားလာစေရန်အတွက် ရည်ရွယ်ပြီး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက မုံရွာမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မုံရွာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုဝင်းတို့က အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားနေ့မမေ့အပ်စရာများ၊ အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူမှုတို့နှင့် စပ်လျဥ်းပြီး အသီးသီးအသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြပြီး၊ ကျောင်းသူ/ကျောင်းသားများအား သိလိုသည်များ အပြန်အလှန် ဆွေးနွေးခဲ့ရာ အဖြေမှန်သူများအား ဆုများချီးမြှင့်ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ စာအုပ်ပြပွဲအား စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြသည်။
မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလို အခြေခံပညာကျောင်းများအပြင် မိမိတို့ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် စာပေချစ်မြတ်နိုးသူများဖြင့် အသိပညာပေး ဆွေးနွေးပွဲများ၊ ကလေးများဆိုင်ရာ ကာယ၊ ဉာဏ စွမ်းရည်မြှင့် ပြိုင်ပွဲများနှင့် သင်တန်းများ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို အပတ်စဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)