၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်

ပဲခူး ဒီဇင်ဘာ ၂

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့သည်။         

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “AIDS ကင်းဝေးရေး ပြည်သူလူထုဦးဆောင်ပေး” ဆိုသည့်အတိုင်း HIV ပိုးရှိ ရှင်သန်သူများနှင့် ဦးတည်အုပ်စုဝင်များ၏ အရည်အသွေး ပိုမိုပြည့်ဝလာပြီး ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ပါက AIDS ရောဂါကို ပြည်သူ့ကျန်းမာရေး အန္တရာယ်အဖြစ်မှ အဆုံးသတ်နိုင်မှာဖြစ်ကြောင်း၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများအတွက် ပြုစုကုသရေးလုပ်ငန်း၏ အဓိကဖြစ်သော အေအာတီဆေးပေးဝေမှုကို ပဲခူးတိုင်းဒေသကြီးအတွင်း ART facilities ပေါင်း (၂၆) ခုဖြင့် တိုင်းအဆင့်ဆေးရုံကြီးများ၊ ခရိုင်အဆင့် ဆေးရုံကြီးများ၊ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့များနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် ကုသပေးလျက်ရှိပြီး အေအာတီ ဆင့်ပွားကုသရေးဌာန (၁)ခုအား ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူထုအတွင်း အိပ်ချ်အိုင်ဗီရောဂါပိုးနှင့် ပတ်သက်၍ ခွဲခြားနှိမ့်ချဆက်ဆံမှုများ လျော့ကျစေရန် ဟောပြောပွဲများပြုလုပ်ခြင်း၊ သင်တန်းများပြုလုပ်ခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ  ပြုလုပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားရန် လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။         

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုဆုတံဆိပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက ဉာဏ်စမ်းအမေးအဖြေပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်းသူလေးများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုဆုတံဆိပ်များအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။         

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် HIV/AIDS ရောဂါ ကာကွယ်ရေးသုံး ကျန်းမာရေးပစ္စည်းများ၊ ကုသရေးသုံး ဆေးဝါးများနှင့် အသိပညာပေး စာစောင်များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)