သရက် ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုသောအားဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက သရက်ခရိုင် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်မင်းသူက အဖွင့်အမှာစကား ပြောကြားရာတွင် HIV ရောဂါပိုးရှိသူများကို ခွဲခြားမဆက်ဆံဘဲ လူမှုအသိုင်းအဝိုင်းမှာ ဝင်ဆံ့အောင် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်က မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်၍ အထိမ်းအမှတ်အခမ်အနားများနှင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသား/သူများကို HIV/AIDS ရောဂါနှင့်ပတ်သက်သည့် မေးခွန်း(၁၀၀)ဖြေဆိုပွဲများ ဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သူနာပြုဆရာမကြီး ဒေါ်ဖြူဖြူက သရက်ခရိုင်တွင် ART ဌာနဖွင့်၍ ၂၀၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး လူနာ(၃၀)အား ဆေးများပုံမှန်တိုက်ကျွေးကုသခဲ့ကြောင်းနှင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့်ပတ်သက်၍ ဖြစ်ပေါ်နိုင်သည့်အကြောင်းအရင်းများ၊ ကာကွယ်ကုသရေးနည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)