ဟင်္သာတ ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ်၌ ၂၀၂၃.၂၀၂၄ ပညာသင်နှစ် ဘာသာရပ်များအလိုက် အမျိုးသား၊ အမျိုးသမီး အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ်ရှိ မေဂျာပေါင်းစုံတို့မှ သက်ဆိုင်ရာ အားကစား နည်းများအလိုက် ပြိုင်ပွဲဝင်အားကစားများက စစ်ကြောင်းမှူး ဦးဆောင်၍ ကွင်းအတွင်း နေရာယူခြင်း တက္ကသိုလ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ အားအလေးပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ဟင်္သာတ တက္ကသိုလ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့တက္ကသိုလ်၌ ယခုနှစ် ၂၀၂၃_၂၀၂၄ ပညာသင်နှစ်တွင် ဘော်လီဘောပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ရိုးရာခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ ဘောလုံးပြိုင်ပွဲစသည့် အားကစားနည်းများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်သည့်အတွက် မိမိတို့ မေဂျာများအလိုက် ကြိုးစားပါဝင်ယှဥ်ပြိုင် ကြစေလိုကြောင်း ထိုမှ တစ်ဆင့် မိမိတက္ကသိုလ်ကိုယ်စားပြု၍ တက္ကသိုလ်များ လက်ရွေးစဥ်ဖြစ်အောင် နိုင်ငံဂုဏ်ဆောင် အားကစားသမားများဖြစ်လာအောင် အတန်းပညာတွင်သာမကဘဲ အားကစားတွင်လည်း တော်၍ ဘက်စုံထူးချွန်သော နိုင်ငံ့သားကောင်း မောင်မယ်များဖြစ်အောင် ကြိုးစား ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစား သစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုခဲ့ကြသည်။
ဟင်္သာတ တက္ကသိုလ်တွင် ယနေ့စတင်ကျင်းပသော ဘော်လီဘောပြိုင်ပွဲ၌ အမျိုးသား ၉ သင်း၊ အမျိုးသမီး ၄ သင်းတို့ ပါဝင်ယှဥ်ပြိုင်ကြပြီး သတ်မှတ်ရက်များအလိုက် မေဂျာပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် တက္ကသိုလ်အဆင့် လူရွေးပွဲများကိုလည်း ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဟင်္သာတ တက္ကသိုလ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဒုတိယပါမောက္ခချုပ် ဒေါက်တာ အေးလွင်၊ ဒုတိယ ပါမောက္ခချုပ်ဒေါက်တာရီရီသန်း၊ သင်တန်းရေးရာဌာနမှူး၊ ဘာသာရပ်ဆိုင်ရာ ဌာနမှူးများနှင့် တာဝန်ခံဆရာ၊ ဆရာမများ၊ ဟင်္သာတတက္ကသိုလ် အားကစားအရာရှိ ဒေါ်နိုင်နိုင်ဝင်းနှင့် အားကစားဌာနမှ ဝန်ထမ်းများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)