ကျောက်တံခါး ဒီဇင်ဘာ ၁
"လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့"ဆောင်ပုဒ်နှင့်အညီ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအထိမ်းအမှတ်အကြို ကျောင်းကျန်းမာရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်း(ကျောက်တံခါး)ကျောင်း ပတ္တမြားခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူစန်းက ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပြီး ကျောင်းကျန်းမာရေးဆရာမ ဒေါ်နန်းနန်းထွေးက သွားကျန်းမာရေးနှင့် တစ်ကိုယ်သန့်ရှင်းရေးဆိုင်ရာ ကျန်းမာရေးအသိပညာများကို လက်တွေ့သရုပ်ပြသ၍ ပညာပေးဆောင်ရွက်ခဲ့သည်။
ထို့နောက် ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးဒေါက်တာစည်သူစန်းမှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူ(၂၀၄၈)ဦးအား ကျောင်းကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်နေမှုကို မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
အလားတူ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အ-လ-က(ရင်းတိုက်ကုန်း)နှင့် အ-ထ-က(တောကျွဲအင်း)ကျောင်းတို့တွင်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)