ချောင်းဆုံ ဒီဇင်ဘာ ၁
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်ပြည့်မီရေးအတွက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်မြေသြဇာများကို ဆောင်းသီးနှံနေကြာစိုက်ပျိုးသည့် ကျေးရွာ(၃၈)ရွာရှိ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေးခြင်းကို ယနေ့နံနက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူများအား နေကြာစိုက်ဧက (၃၁၇၀)ဧကအတွက် ဓာတ်မြေသြဇာ (၃၁၇၅)အိတ် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် (၂၀၂၃-၂၀၂၄)ခုနှစ် ဆီထွက်သီးနှံနေကြာစိုက်ပျိုးရာသီ၌ စိုက်ပျိုးရန်လျာထားဧက (၃၁၇၀)ဧကအတွက် နေကြာစိုက်တောင်သူများကိုတစ်ဧကလျှင် ယူရီးယားဓာတ်မြေသြဇာ တစ်အိတ်နှုန်းဖြင့် ဧက(၃၁၆၀)ဧကအတွက် ဓာတ်မြေသြဇာ (၃၁၆၀)အိတ်နှင့် နေကြာမျိုးစေ့ထုတ် စိုက်ဧက (၁၀)ဧကအတွက် တစ်ဧကလျှင် (၁)အိတ်ခွဲနှုန်းဖြင့် ဓာတ်မြေသြဇာ(၁၅)အိတ် စုစုပေါင်းဓာတ်မြေသြဇာ (၃၁၇၅)အိတ်အား တစ်အိတ်လျှင် (၃၄၄၀၀)ကျပ်နှုန်းဖြင့် ဖြန့်ဖြူးပေးခဲ့ပြီးလျာထားချက်ဧကထက် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကျန်ရှိသည့် တောင်သူများအတွက် သက်ဆိုင်ရာသို့ ထပ်မံတင်ပြတောင်းခံပြီး ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းနှင့် ဓာတ်မြေသြဇာဖြန့်ဖြူးပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကလာရောက်ကြည့်ရှုခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(ပြန်/ဆက်)